မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက် ထုတ်ရတာပါလဲဘုရား။
ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊ နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့ သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။ နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့ ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊ ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့ အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင် ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင် သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက် ၀မ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ် ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊ အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့ မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့ ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။
ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး ၀န်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။ ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့ ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့ စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့ အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး ၀န်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊ ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့ သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့ တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။
ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။
ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင် မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။ ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈) ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။ ၀ိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊ မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့် မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။
စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင် မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့ သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့ အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက် အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။ သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့ ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။ သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန လိုက်နာဖို့လိုပါတယ်။
မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈) ချက်က ဘာတွေပါလဲဘုရား။
ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက် (၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။ အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင် ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။ သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့ လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။ အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။ တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊ တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက် ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင် မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့ ၀ိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင် လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆) တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက် အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့ ဖြစ်ပါတယ်။
မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့ ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။
ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့ သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊ ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့် သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။ ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။
မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။
ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊ သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့ သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။
မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင် ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။
ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊ လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊ ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင် လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇ ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။ သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇ တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့ သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့ အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့် စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။
မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။
ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။ ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့ ၀ိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။ သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊ နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက ၀ိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။
မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။ မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။ စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင် လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊ သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊ ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့ သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်။
Tuesday, August 25, 2009
သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ
Tuesday, August 18, 2009
၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ
နအဖ ဖွတ်လူစုက ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကျွန်ုပ်တို့ ပြည်သူတွေအားလုံး ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခံရမည့် ပွဲတစ်ခုပါ၊ ဒီနေ့ ကျွန်ုပ်တို့ ပြည်သူတွေ ဆင်းရဲနေကြတယ်၊ စုတ်ပြတ်နုံခြာတဲ့ ဘ၀တွေကို ခါးသီးစွာဖြတ်သန်းနေကြရတယ်၊ လူစဉ်မမီ လူအဆင့်အတန်းမရှိ အဓိပ္ပါယ် မပြည့်ဝတဲ့ ဘ၀တွေနဲ့ ဖြစ်သလို ကြုံသလို ရုန်းကန်လှုပ်ရှားနေကြရတယ်၊ အနှစ်(၂၀) အတွင်းမှာ နအဖဟာ တိုင်းပြည်ကို ရစရာမရှိအောင် ချေမှုန်းဖျက်ဆီးပစ်ခဲ့တယ်၊ အနှစ်သာရအနေနဲ့ မြန်မာဆိုတာ ငတုံး ငအ အဆင့်အတန်းမဲ့သူတွေဖြစ်တယ် ဆိုတဲ့ အရာကို သာ တံဆိပ်ခပ်နှိပ်ခြင်းခံခဲ့ရပေသည်။
ပြည်သူအတွက် အကျိုးကျေးဇူးမများတဲ့အပြင် ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချ ညှင်းပမ်း သတ်ဖြတ်နေတဲ့ လူယုတ်မာ ဖွတ်တစ်သိုက်ကို ဖြုတ်ချပစ်ရန် တာဝန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့တာဝန်သာဖြစ်ပေသည်၊ နအဖကို ဖြုတ်ချပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လူထုအုံကြွတော်လှန်ရေးပင်ဖြစ်သည်၊ နအဖသည် လူစကားသူစကားကို နားထောင် တတ်သည့် သတ္တ၀ါများမဟုတ်ပေ၊ နအဖဆီမှာ ဒီမိုကရေစီတောင်းဆိုနေ၍ အကျိုးမရှိ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိတော့မှသာလျှင် စစ်မှန်သည့် အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီကို ရရှိနိုင်မည်ဖြစ်ပေသည်၊
ယခုအခါတွင် မြန်မာပြည် ဒီမိုကရေစီရရှိရေးသည် ကျွန်ုပ်တို့၏ မွေးရာပါ တာဝန်တစ်ရပ်ဖြစ်လာပေပြီ၊ ဒီမိုကရေစီရရှိရေးသည် လူတိုင်းမှာ တာဝန်ရှိနေပေသည်၊ ကျွန်ုတို့၏ သားစဉ်မြေးဆက် လူတန်းစေ့ ဘ၀မျိုးနှင့် အဓိပ္ပါယ်ရှိသော လူသားအဖြစ် ရပ်တည်ရှင်သန်ခွင့်ရရေးအတွက် ကျွန်ုပ်တို့ ဒီတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရပေမည်၊ နအဖသည် ကျွန်ုတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို ဘယ်တော့ခါမှ ချုပ်နှောင်ထား၍ မရခဲ့၊ ၄င်းစိတ်ဓာတ်ဖြင့်ပင် မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ဖြိုလှဲပစ်နိုင်ခဲ့ပေသည်၊ ယခုတစ်ခါ နအဖ စစ်အာဏာရှင် ဖွတ်တစ်သိုက်ကို ဖြိုလှဲဖို့ရန် ခေတ်စနစ်ကြီးက အမှန်တကယ်တောင်းဆိုနေပြီဖြစ်သည်။
မဝေးတော့သည့်ကာလတွင် မြန်မာနိုင်ငံတွင် အကြီးမားအပြင်းထန်ဆုံးသောလူထုတိုက်ပွဲတစ်ရပ် ဆင်နွဲတော့မည်ဖြစ်သည်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဦးဆောင်ပီး နအဖစစ်အာဏာရှင် တော်လှန်ရေးသပိတ်တိုက်ပွဲကို ဆင်နွဲတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပီးဖြစ်သည်၊ ပြည်သူတစ်ရပ်လုံးအနေနှင့် မိမိတို့၏ ဖြတ်သန်းခဲ့ရသည့် မအောင်မမြင် ဖြစ်ခဲ့ရသည့် အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး စနစ်တကျ စည်းကမ်းရှိရှိ လူထုတိုက်ပွဲကို ပြီးဆုံးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ကြဖို့ အထူးလိုအပ်ပေသည်၊ မိမိတို့ ရပိုင်ခွင့် အတွက် မိမိတို့သာလျှင် ဦးဆောင် တိုက်ပွဲဝင်ကြရမည်ဖြစ်သည်၊ စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းပပျောက်သွားရေးသည် ကျွန်ုပ်တို့၏အဓိက တာဝန်ဖြစ်သည်၊ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ကျွန်ုပ်တို့၏ ဘ၀များစွာ အသက်ပေါင်းများစွာ စစ်အာဏာရှင်ရဲ့အနှိမ်ခံ အဖိနှိပ်ခံဘ၀တွေနဲ့ အဆုံးသတ်ခံမလား မခံဘူးလားဆိုတာ မြန်မာနိုင်ငံသားမှန်သမျှ အချိန်တိုင်း အချိန်တိုင်း မိမိကိုယ်မိမိ မေးရတော့မည့်အချိန်ကျရောက်နေပီဖြစ်သည်၊ စစ်အာဏာရှင်ကြိုးကွင်းသည် မကြာမီအချိန်တွင် ပြည့်သူ့လည်ပင်းကို စွပ်ဖို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတိပေးနိုးဆော်လိုက်ရပေသည်။
တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)
Friday, August 14, 2009
Monday, August 3, 2009
Sunday, May 24, 2009
တော်လှန်ရေးဖွင့်ရန် အထူး တိုက်တွန်းနိုးဆော်ချက်
ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား -------
နအဖစစ်မိစ္ဆာကောင်များသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ထားရုံတင်မက တစ်နိုင်ငံလုံးကို စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် ပြုမှုဆောင်ရွက်လျှက်ရှိပေပြီ၊ စစ်ကျွန်သဘောက်အာဏာရှင် အောက်ကလွတ်မြောက်ရေးအတွက် လူတိုင်းပါဝင်သော လူထုတော်လှန်ရေး တစ်ရပ်ကို စတင်ဆင်နွဲဖို့အချိန်ကျရောက်ပြီဖြစ်ပါသည်။
သို့ပါ၍ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် (၂၅.၀၅.၂၀၀၉)တနင်္လာနေ့မှ စတင်ကာ သန်းရွှေစစ်မိစ္ဆာကောင်၏ ဓာတ်ပုံများကို မီးရှို့ခြင်း၊အမှိုက်ပုံများ လမ်းများပေါ်တွင် စွန့်ပစ်
ခြင်းများကို လှည်းနေလှည်းအောင်းမြင်းစောင်းမကျန် တစ်နိုင်ငံလုံး ပြုလုပ်ပေးကြပါရန် အထူးတိုက်တွန်း နိုးဆော်လိုက်သည်။
တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ ဒေါင်းအလံဟေ့
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံတွေပြန်စိုက်ကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Wednesday, May 6, 2009
ကျွန်ကကျွန်ပဲ(ဘယ်ဘက်ဖိနပ်ကြိုက်လား၊ညာဘက်ဖိနပ်ကြိုက်လား)
မြန်မာတွေမှာအကျင့်ပါနေတာတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုရင်ဘယ်လိုခွဲရမလဲ၊
ဘယ်လိုကွဲရမလဲဆိုတာဖြစ်ပါတယ်။ဘယ်လိုညီညွတ်အောင်လုပ်ရမလဲ၊ဘယ်လိုလုပ်ရင်ညီညွတ်နိုင်မလဲ
ဆိုတာကိုစဉ်းစားလုပ်ဆောင်ကြတာနည်းပါတယ်။ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။
ရှေးခေတ်လွတ်လပ်ရေးမရခင်မှသည်ယ္ခုခောတ်ထိကိုကွဲလိုခွဲလိုကောင်းကြတုန်းရှိပါသေး
တယ်။အင်္ဂလိပ်ကျွန်ဘဝကလွတ်မြောက်အောင်တော်လှန်ရေှးမှာလည်းကွဲကြ ၊ပြဲကြ၊ ခွဲကြလို့
ရန်သူအင်္ဂလိပ်တွေအကြိုက်တွေ့ ခဲ့ပါတယ်။
ဒီနေရာမှာ မှတ်သားစရာကောင်းတာလေးတခုသတိရနေပါတယ်။သခင်အစ ဘသောင်းကဆို
တဲ့အတိုင်း သခင်တွေဖြစ်အောင်စည်းရုံးခဲ့တဲ့ သခင်ဘသောင်းပြောခဲ့တဲ့စကားလေးပါ။အင်္ဂ
လိပ်လက်အောက်အုပ်ချုပ်ရေးမှာ ခွဲရေး-တွဲရေးပေါ်လာတဲ့ပြဿနာပါ။တချို့ ကအိန္ဒိယနဲတွဲ
အုပ်ချုပ်တာ သဘောတူတယ်။တချို့ ကသီးသန့် ခွဲအုပ်ချုပ်တာ သဘောတူတယ်။ဒီလို့ နဲ့ မြန်
မာတွေအချင်းချင်းငြင်းကြ၊ခုံကြ၊ကွဲကြ၊ပြဲကြ၊ခွဲကြပါတယ်။ဒါကို မကြိုက်တဲ့ဆရာကြီးသခင်ဘ
သောင်းက ဘာပြောလဲဆိုတော့ ခွဲရေးပဲဖြစ်ဖြစ်၊တွဲရေးပဲဖြစ်ဖြစ် အင်္ဂလိပ်အစိုးရက ကျုပ်တို့ ရဲ့ 
ဘယ်ဘက်ခြေထောက်အောက်မှာ နေတာကြိုက်လား၊ညာဘက်ခြေထောက်အောက်မှာနေ
တာကြိုက်လားလို့ မေးတာဖြစ်တယ်။ခွဲရေးပဲဖြစ်ဖြစ်၊တွဲရေးပဲဖြစ်ဖြစ် အင်္ဂလိပ်စစ်ဖိနပ်အောက်
ကကျွန်ဟာ ကျွန်ပါပဲလို့ ပြောခဲ့တာလေးရှိပါတယ်။လုံးဝလွတ်မြောက်ရေးသည်သာ အရေးကြီး
ကြောင်းကို ဆရာကြီးက အထူးအလေးပေးပြောကြားခဲ့ပါတယ်။ပြောတဲ့အတိုင်း တောက်
လျှောက်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။
သခင်ပီသတဲ့လူတွေရဲ့ အတွေးဟာ ရှင်းတယ်၊ပြတ်တယ်၊ဒီအတိုင်းပဲလုပ်ဆောင်
တယ်။ဘယ်တော့မှအောက်တန်းကျတဲ့ အတွေးမတွေးဘူး။
ဒါပေမဲ့အခုကြည့်။န.အ.ဖ စစ်ကျွန်တွေရဲ့ လှည့်ကွက်အတွင်းထဲမှာ ကျွန်ဇာတ်
သွင်းအညံ့ခဲတဲ့ လူတွေမနည်းဘူး ထွက်လာတယ်။အခုထိလည်း အညံ့ခံကာ မိမိတို့ ကိုကျွန်
ဇာတ်သွင်းနေကြတယ်။မိမိတင်အားမရသေးသည့်အတွက်သူတပါးကိုပါ ဆွဲပြီးကျွန်ဇာတ်သွင်း
နေကြတယ်။အားလုံးလဲသိမှာပါ။ယနေ့ န.အ.ဖ၏ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ တချို့ ကဝင်ရောက်
ရောပေါင်းသင့်တယ်။ဒါကမှ အမှန်လို့ တချို့ စာရေးဆရာနာမည်ကြီးတွေ ရေးနေကြ ပြောနေ
ကြတာ ကြားမှာပါ။တချို့ ကလည်းဝင်မရောပေမဲ့ ဆောင့်ကြည့်မယ်။အခြေနေကြည့်ပြီးရော
သင့်ရောမယ် ။ခွဲသင့်ခွဲမယ်ဆိုပြီးဖြစ်နေကြပါတယ်။
သေသေချာချာပြန်စဉ်းစားကြည့်ကြပါ။န.အ.ဖစစ်အစိုးရကအားလုံးကိုမေးလိုက်တာပဲ
ဖြစ်ပါတယ်။သခင်ဘသောင်းစကားနဲ့ ပြောရရင်တော့ကျုပ်တို့ ကို န.အ.ဖစစ်မစ္ဆာတွေက သူတို့ ရဲ့ ဘယ်ဘက်ခြေထောက်အောက်မှာနေတာကြိုက်လား၊ညာဘက်ခြေထောက်
အောက်မှာနေတာကြိုက်လား လို့ မေးလိုက်တာပဲဖြစ်ပါတယ်။မဝေဝါးကြပါနဲ့ -------------
ဘယ်ခြေထောက်အောက်မှာပဲနေနေ စစ်ကျွန်ဟာ စစ်ကျွန်ပါပဲ။အပြီးအပိုင်လုံးဝ ခွင်းလုံးကျွတ်
မတော်လှန်နိုင်သေးသ၍ န.အ.ဖ စစ်ဘီလူးမိစ္ဆာတွေရဲ့ ဖိနပ်အောက်မှာ မိမိတို့ ကိုးကွယ်တဲ့
သာသနာနဲ့ တကွ လူမျိုးပါပျောက်သွားနိုင်ကြောင်းကို သတိပေးနှိုးဆော်ရင်း-------------------
စစ်ကျွန်ဘဝမှလွတ်မြောက်ရးဆီသို့ 
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
Saturday, May 2, 2009
မိုက်သူတို့ ရဲ့ သွားရာလမ်း
မိုက်သူတို့ ရဲ့ သွားရာလမ်း
တို့ ပြည်သူတွေရဲ့ ဘဝကြမ္မာရိုင်း
မေ (၂)ရက် နာဂစ်မုန်တိုင်းကြောင့်
သေသူတွေသေ ကြေသူတွေကြေကြ
သန်းနဲ့ ချီတဲ့ပြည်သူတွေရဲ့ ဘဝ
ရေမှာခကြရ မြေမှာခကြရပေါ့---
ကယ်သူမဲ့ ဆယ်သူမဲ့တို့ ရဲ့ ဘဝ
ဒုက္ခတွေ ဗလပွနဲ့ 
သေမဲ့ ရက်ကိုလက်ရေချိုး
ကယ်မဲ့သူကို မျှော်ကိုးရင်း
ရင်းလိုက်ရတဲ့ အသက်တွေ
ရေလို့ ပင်မရ ဆုံးရှုံးကြရပေါ့---
သြော် န.အ.ဖ- န.အ.ဖ
ဘယ်သူတွေ ကြွကြွ
ဘယ်သူတွေ ဒုက္ခရရ
ဘယ်သူသေသေ ငတေမာရင်ပြီးရော
ထင်ရာပြောပြီး
နာဂစ်မှာဒုက္ခရောက်သူ ပြည်သူကိုလျစ်လျှူရှုပြီး
မိမိအာဏာတည်မြဲရေးသာအဓိက
ဒါဟာပဓါနဆိုပြီး
ထောက်ခံပွဲကို ဇွတ်တင်းနွှဲခဲ့ကြတယ်။
မည်သူမှ မထောက်ခံတဲ့မဲ
ထောက်ခံမဲပါဆိုပြီး
ကမ္ကာကို လိမ်ကာပြ
သြချလောက်ပါရဲ့ ---
ပြည်သူအချင်းချင်း ဝိုင်းကာကူ
နာဂစ်ပြည်သူကို
ပေးကြကမ်းကြ စွန့် ကြဲကြတဲ့ 
မြန်မာတွေရဲ့  မွန်မြတ်တဲ့စိတ်ဓာတ်
ကမ္ကာ့မှတ်ကျောက်စာရင်းတင်လောက်ရဲ့ 
ဒါပေမဲ့ ….န.အ.ဖ
သူများတွေလှူထားတဲ့ ..ဒါန
ဒုက္ခိတတွေ ပါးစပ်ထဲက
စွဲယူထုတ်လို့  ဝါးကာမျိုချ
ရိုင်းစိုင်းယုတ်မာကြပေါ့---
ကြွေတလှည့် ကြက်တခုန်
ဗုံလုံတလှည့် ငါးဖျံတလှည့်
မှန်ကင်းတလှည့် ထင်းတလှည့်မို့ 
ကိုယ့်အလှည့်ကျ မနွဲ့စတမ်း
လာမဲ့လမ်းဟာ လက်တကမ်းမှာမို့ 
ဒီတခါ ကိုယ့်အလှည့်ကျ
ရဲရဲသာခံ ကြပေရော့……
မင်းတို့ အတွက် မဟာအဝီစိ
အစဉ်အမြဲရှိတယ်
မိုက်သူတို့ ရဲ့ သွားရာလမ်း။ ။
မင်းသုည(ကွမ်ခြံကုန်း)
(နာဂစ်တစ်နှစ်ပြည့် နှစ်ပတ်လည်)